ဆီးရီးယားမြောက်ပိုင်း သူပုန်များထိန်းချုပ်ထားရာနယ်မြေတွင် ပေါက်ကွဲမှုများ ဖြစ်ပွား ရှစ်ဦး သေဆုံး

၂၅ နိုဝင်ဘာ

 

ဆီးရီးယားနိုင်ငံမြောက်ပိုင်း တူရကီတို့အကူအညီပြုထားသည့် သူပုန်များထိန်းချုပ်ထားရာဒေသများတွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယမန်နေ့က လူရှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာလေ့လာသူတစ်ဦးက ပြောကြားထားသည်။

 

မြောက်ပိုင်းအလက်ပိုပြည်နယ် ကျေးလက်ဒေသရှိ တူရကီတို့အကူအညီအပေးထားသော သူပုန်များနှင့် တူရကီတပ်ဖွဲ့များ ထိန်းချုပ်ထားသော အက်ဖရင်မြို့ရှိ ကိတ်မုန့်တိုက်အနီး ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ သုံးဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။

 

အခြားပေါက်ကွဲမှုမှာ အလက်ပိုကျေးလက်ဒေသရှိ သူပုန်များထိန်းချုပ်ထားရာ အယ်လ်ဘတ်မြို့တွင်လည်း ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

 

ထိုကားဗုံးပေါက်ကွဲမှုကြောင့် လူ ငါးဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့က ထပ်လောင်းပြောကြားသည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့ကမျှ ဝန်ခံပြောကြားခြင်းမရှိပေ။

 

အက်ဖရင်မြို့သည် ၂၀၁၈ ခုနှစ် တူရကီနှင့် တူရကီတို့အကူအညီပြုထားသည့် သူပုန်များ ထိန်းချုပ်မှုအောက်မရောက်ခင် ကာ့ဒ်စစ်သွေးကြွများ၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။

 

ကာ့ဒ်ဦးဆောင်သောဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF) နှင့် တူရကီတို့အကူအညီပြုထားသည့် သူပုန်များ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဆီးရီးယားမြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

 

ထိုနေ့အစောပိုင်းက မြောက်ပိုင်း ရတ်ကာပြည်နယ်ရှိ တူရကီတို့အကူအညီပြုထားသည့် သူပုန်များကို ကာ့ဒ်ဦးဆောင်သောဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)က ချုံခိုတိုက်ခိုက်ခဲ့သဖြင့် ၂၁ ဦး သေဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို