အင်းဝရောက်သူတိုင်း အထူးအလေးထား ဖူးမြော်သည့် မဟာမြတ်မုနိ (ခ) စန္ဒာမုနိဘုရား

အင်းဝ ၂၄ နိုဝင်ဘာ

မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၂၀ အကွာ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၇ မိနစ်၊ ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၅ ပေ ဒုဌဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံရာနေရာကို သွားလိုက်သည်နှင့် သမိုင်းဝင်စိတ်ဝင်စားဖွယ်ရာ အင်းဝမြို့ဟောင်း တည်ရှိနေသည်။ ကိုဗစ်-၁၉ မဖြစ်ခင်ကာလက ခရီးသွားဧည့်သည်များသည် သစ်ပင်လိုဏ်ဂူတန်းဟု တင်စားထားသည့် အိုးတုတ္တန်းလမ်းကလေးမှ ဒုဌဝတီမြစ်နံဘေးသို့ သွားလေ့ရှိသည်။ ဝန်းကျင်တွင် အင်း၀တံတားခေါ် စစ်ကိုင်းတံတားနှင့် ဧရာဝတီမြစ်အလှတို့က စီးကြိုလျက်ရှိသည်။ ဒုဌဝတီမြစ်ကမ်း အိုးတုတ္တန်းမှ စက်လှေဖြင့် ကတို့ကူးကာ ဧရာဝတီမြစ်နှင့် ဒုဌဝတီမြစ်ဆုံ အလှကို စစ်ကိုင်းတံတား နောက်ခံဖြင့် လှပစွာ ရှုမြင်နေရသည်။

အင်းဝမြို့ကို သတိုးမင်းဖျားမှ သက္ကရာဇ် ၇၂၆ တွင် စတင်တည်ခဲ့ကာ မင်းဆက် ၃၁ ဆက်ဖြင့် သက်တမ်းလေးရာခန့်ကြာမြင့်အောင် မြို့နန်းတည်ကာ ထီးနန်းစိုးစံခဲ့သည့် နေရာဖြစ်သည့်အားလျော်စွာ လေ့လာစရာ စေတီများစွာဖြင့် ပြည့်နှက်လျက်ရှိသည်။ ခေတ်လေးခေတ်အဖြစ် ပိုင်းခြားတည်ရှိခဲ့၍ စာဆိုရှင်အကျော်အမော်များစွာ ထွက်ပေါ်ရာဒေသပင်ဖြစ်ပြီး လေ့လာစရာများစွာနှင့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများစွာ တည်ရှိသည်။ ထိုအထဲတွင် ညောင်ရမ်းမင်း စတင်တည်ခဲ့ပြီး အနောက်ဘက် လွန်မင်းက ပြီးစီးအောင် ဆက်လက်တည်ထားခဲ့သည့် မဟာမြတ်မုနိ (ခေါ်) ဆန္ဒာမုနိဘုရားလည်း ပါဝင်သည်။

စန္ဒာမုနိစေတီမှာ အင်းဝမြို့အပြင် မြို့ရိုးအတွင်း လေးထပ်ကြီးကျောင်း အရှေ့ဘက်တွင် တည်ရှိသည်။ စေတီတော်ကို ညောင်ရမ်းမင်းက သက္ကရာဇ်(၉၆၄)ခု တန်ခူးလပြည့်ကျော် (၆)ရက်နေ့တွင် စတင်တည်ထားခဲ့သည်။ သားတော် အနောက်ဘက်လွန်မင်းက ပြီးစီးအောင် ဆက်လက်တည်ထားခဲ့ပြီး လုံးတော်ပြည့် ရွှေချခဲ့သော စေတီပင်ဖြစ်သည်။ ညောင်ရမ်းမင်းတို့ အင်း၀တွင် ဒုတိယအကြိမ် ပြန်လည်တည်ဆောက် စိုးစံခဲ့သော ညောင်ရမ်းမင်းတရားကြီးကို ဂုဏ်ပြုသည့်အနေဖြင့် အထွတ်အမြတ် (၁၂)ပွဲများ ပွဲသဘင်အခမ်းအနားများ ကျင်းပကြသည့် အခါတိုင်း မဟာမြတ်မုနိဘုရားအား ဦးတိုက်လေ့ရှိကြသည်။

အမရပူရမြို့တည် ဘိုးတော်ဗဒုံမင်းတရားသည် သံပိဿာချိန် (၁၁၃၆၈)ဖြင့် သွန်းလုပ်ခဲ့သော ဉာဏ်တော် ၅ တောင် ၂ မိုက်ရှိ စန္ဒာမုနိရုပ်ပွားတော်ကို မင်းကွန်းတွင် သွန်းလုပ်ကာ အမရပူရမြို့သို့ပင် ဆောင်ပူဇော်ခဲ့သည်။ အင်း၀ စတုတ္ထမြို့တည် ဘကြီးတော်မင်းတရားကြီးသည် သက္ကရာဇ် (၁၁၈၅) ဝါခေါင်လပြည့်ကျော် ၅ ရက်နေ့တွင် စန္ဒာမုနိ ရုပ်ပွားတော်ကို အမရပူရမှ အင်းဝသို့ ပင့်ဆောင်ကာ မဟာမြတ်မုနိဘုရားရှေ့တွင် ဘုံခုနစ်ဆင့်ပြာသာဒ်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ စန္ဒာမုနိရုပ်ပွားတော်မှာ သံဖြင့် အဦးဆုံး သွန်းလုပ်ခဲ့သည့် ရုပ်ပွားဆင်းတုတော်တစ်ဆူပင် ဖြစ်သည်။ နောက်ပိုင်း သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် သာယာဝတီမင်းမှ စန္ဒာမုနိရုပ်ပွားတော်အား အင်းဝမှ အမရပူရသို့ ပြန်လည်ပင့်ဆောင် ကိုးကွယ်ခဲ့ပြီး မင်းတုန်းမင်း နန်းတက်ပြီးနောက် မြို့တော်ကို အမရပူရမှ မန္တလေးသို့ ပြောင်းရွှေ့သည့်အခါ စန္ဒာမုနိရုပ်ပွားတော်ကို အမရပူရမှ မန္တလေးသို့ ရွှေ့ပြောင်းပင့်ဆောင် ပူဇော်ခဲ့သည်။ လက်ရှိကာလ အင်းဝဒေသတွင် သမိုင်းဝင် မဟာမြတ်မုနိ (ခေါ်) စန္ဒာမုနိဘုရားကို ကြည်ညိုဖွယ် ဖူးမြော်နိုင်သည်။

တိမ်တမန်