မိုးညှင်းမြို့နယ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေးကို တစ်ရက်လျှင်လူဦးရေ(၅၀)ဖြင့်စတင်ထိုးနှံပေး

မိုးညှင်း ၂၂ နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်သည် Stay at Home မြို့နယ်တွင်အကျုံးဝင်သော်လည်း အိတ်ချ်ပီဗီကာကွယ်ဆေးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးဌာနများတွင် (၁)ရက်လျှင် အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးငယ်ဦးရေ(၅၀)ကို နိုဝင်ဘာ ၂၀ရက်မှစ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ညွှန်ကြားအချက်အရ စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ပြောကြားသည်။

 

မိုးညှင်းမြို့နယ်အတွင်း အိတ်ချ်ပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မူလက အောက်တိုဘာလ ၂၁ ရက်တွင် စတင်ထိုးနှံရန် စီစဉ်ထားသော်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၂၀ ရက်တွင် မိုးညှင်းမြို့နယ်ကို Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခဲ့သောကြောင့် ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းများနှင့်အတူ အိတ်ချ်ပီဗီကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ရက်ရွေ့ဆိုင်းခဲ့ခြင်းဖြစ်ကာယခုလ ၂၀ရက်နေ့မှစ၍ အိတ်ချ်ပီဗီကာကွယ်ဆေးကို စတင်ထိုးပေးနိုင်ခြင်းဖြစ်သည်။

 

တစ်မြို့နယ်လုံးအတိုင်းအတာအရ  အိတ်ချ်ပီဗီကာကွယ်ဆေးထိုးမည့်အစီအစဉ်တွင်အကျုံးဝင်သည့် အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ် မိန်းကလေးငယ်ပေါင်း  ၂၂၀၀ ကျော်ရှိပြီး အဆိုပါ မိန်းကလေးငယ်များအားလုံးကို ယခုလ၂၀ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ရက်လျှင် ဦးရေ(၅၀) နှုန်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ပုံမှန် ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း အစီအစဉ်များကိုလည်း ဒီဇင်ဘာလ ၁ရက်နေ့မှစ၍ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)