ဆက်ဆံရေးတိုးမြှင့်ရန် တူရကီသမ္မတ၊ ဆော်ဒီဘုရင် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေး

အစ္စတန်ဘူလ် ၂၁ နိုဝင်ဘာ

တူရကီသမ္မတအာဒိုဂန်နှင့် ဆော်ဒီအာရေဗျဘုရင် ဆာလ်မန်ဘင်အဗ္ဒူလာဇစ်ဇ်အယ်လ်ဆောက်သည် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်း၍ အလေးထား ဆွေးနွေးခဲ့ကြကြောင်း တူရကီသမ္မတရုံးက ယနေ့ပြောကြားသည်။

ထို့အပြင် အာဒိုဂန်နှင့် ဆာလ်မန်ဘင် အဗ္ဒူလာ ဇစ်ဇ်အယ်လ်ဆောက် သည် ဆွေးနွေးစဉ် နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေးနှင့် နှစ်ဖက်အကြား ကျန်ရှိနေသော အမြင်ချင်းကွဲလွဲမှုများအား ကိုင်တွယ် ဖြေရှင်းရေးအတွက် ပွင့်လင်းမြင်သာသော ညှိနှိုင်းဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်ကြရန်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။

ထို့အတူ နှစ်နိုင်ငံခေါင်းဆောင်တို့သည် နိုဝင်ဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်မည့် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသလို အမြင်ချင်းလည်းဖလှယ်ခဲ့ကြသည်။ ဆော်ဒီအာရေဗျနိုင်ငံသည် ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ