ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

၁၃ နိုဝင်ဘာ

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့သတင်းစဉ်က ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

(နိုဝင်ဘာ ၁၁ ရက်နေ့မှ အဆက်)

မေး။ ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေ တဲ့အခြေအနေကိုလည်း ပြောပြပေးစေလိုပါတယ် ဆရာကြီးရှင့်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအသိ အမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် တက္ကသိုလ်အဖြစ် ရပ်တည်နိုင်ဖို့၊ တက္ကသိုလ်ရဲ့ ရုပ်ပိုင်းနဲ့ ပညာရပ်ပိုင်းဆိုင်ရာ နှစ်ရပ်စလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ ရန်ကုန်တက္ကသိုလ် ဘက်စုံပြုပြင်မွမ်းမံ အဆင့် မြှင့်တင်ရေးမဟာစီမံကိန်း (၂၀၁၈-၂၀၃၀)ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ မဟာစီမံကိန်းရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုက နိုင်ငံတကာဆက်စပ်မဟာဗျူဟာများ (International Engagement Strategies) ချမှတ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းရဲ့ ရည်ရွယ်ချက်က (၁) ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် သုတေသန အရည်အသွေးတိုးတက်မြင့်မားလာစေရန်၊ (၂) ကျောင်းသား ကျောင်းသူများအား ကမ္ဘာ့နိုင်ငံအသီးသီးရှိ ယဉ်ကျေးမှုကွဲပြားသော ဝန်းကျင်များ (Intercultural world) တွင် အံဝင်ခွင်ကျ ပြုမူဆောင်ရွက်တတ်စေရန်၊ (၃) တက္ကသိုလ်၏ Global visibility မြင့်တက်လာစေရန်၊ (၄) တက္ကသိုလ်နှင့် လူမှုအဖွဲ့အစည်းအကြား ချိတ်ဆက်ဆောင်ရွက် (University-Community Engagement) မှတစ်ဆင့် သင်ကြားရေးနှင့် သုတေသန စွမ်းရည် မြင့်တက်ပြီး လူမှုအဖွဲ့အစည်း (ဒေသ)ကို အကျိုးပြုရန် တို့ဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်မှုအနေနဲ့ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းနှင့်သင်တန်းသား ဖလှယ်ခြင်းအစီ အစဉ်မှာဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ စင်ကာပူ၊ ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံတွေက တက္ကသိုလ်တွေနဲ့ နားလည်မှုစာချွန်လွှာတွေ (Memorandum of Understanding - MoU) လက်မှတ်ရေးထိုးပြီး နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက် နေပါတယ်။ အခုအချိန်ထိ MoU ၅၈ စောင် ရေးထိုးပြီး ဖြစ်ပါတယ်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ တက္ကသိုလ် နှစ်ခုအကြား ဆရာ ဆရာမနဲ့ ကျောင်းသား ကျောင်းသူတွေ ဖလှယ်ခြင်း၊ သုတေသန နှီးနှောဖလှယ်ပွဲ၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲတွေ ပူးပေါင်းကျင်းပခြင်း၊ သုတေသန စာစောင်တွေ ပူးတွဲထုတ်ဝေခြင်းတို့ ပါဝင်ပါတယ်။ MoU လက်မှတ်ရေးထိုးရာမှာ အချို့ MoU တွေက မိတ်ဖက် တက္ကသိုလ်တွေက ကိုယ်စားလှယ်တွေ ရန်ကုန် တက္ကသိုလ်ကို လာရောက်လက်မှတ်ရေးထိုးပါတယ်။ အချို့ကတော့ ရန်ကုန်တက္ကသိုလ်မှ ကိုယ်စားလှယ်တွေ မိတ်ဖက် တက္ကသိုလ်တွေကို သွားရောက်လက်မှတ်ရေးထိုးပါတယ်။ အချို့က MoU စာရွက်စာတမ်းတွေကို စာတိုက်ကနေ အပြန်အလှန်ပေးပို့ပြီး လက်မှတ်ရေးထိုးပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ပြည်ပမိတ်ဖက်အဖွဲ့အစည်းမှ ကိုယ်စား လှယ်တွေ လာရောက်လက်မှတ်ရေးထိုးခဲ့တဲ့ နောက်ဆုံး MoU ကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ရေးထိုးခဲ့တဲ့ Mou between University of Yangon and Purdue University Fort Wayne & National Centre for English Language (UY) and Purdue University Fort Wayne ဖြစ်ပါတယ်။

မြန်မာစာဘာသာရပ်နဲ့ ဒေသတွင်းကျောင်းသား ဖလှယ်ခြင်းအစီအစဉ်တွေမှာ နှစ်စဉ်နိုင်ငံတကာ ကျောင်းသား ၁၀ဝ ကျော်ကို ရန်ကုန်တက္ကသိုလ်ကနေ လက်ခံသင်ကြား ပေးလျက်ရှိပါတယ်။ အခုအချိန်အထိ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေဟာ exchange, internship, Full degree program စတဲ့ နှစ်တို နှစ်ရှည် အစီအစဉ်အမျိုးမျိုးနဲ့ နိုင်ငံတကာတက္ကသိုလ်တွေကို သွားရောက် ပညာသင်ကြားခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူ၊ ဆရာ ဆရာမ ဖလှယ်ခြင်း အစီအစဉ်တွေအပြင် ဧည့်ပါမောက္ခအစီအစဉ်တွေ (visiting fellow/ professor) လည်း ဆောင်ရွက်နေပါတယ်။ ဥပမာ Open Society Foundations (OSF) coobodoor scholar exchange အစီအစဉ် (နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ဥပဒေ ပညာဌာနနှင့် ရှေးဟောင်းသုတေသန ပညာဌာနတွေအတွက်) နဲ့ AUN-SEED/net က ထောက်ပံ့တဲ့ Visiting Professor အစီအစဉ် ဖြစ်ပါတယ်။

စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု ပရောဂျက်တွေ၊ အစီအစဉ်တွေမှာ ပါဝင်ဆောင်ရွက်ခြင်းအနေနဲ့ ပြောရမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ The Asian University Alliance (AUA) ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ SEAMEO (The Institute of the South East Asian Ministers of Education Organization) ရဲ့ ပရောဂျက်တွေမှာ ပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။ ပရောဂျက်တချို့ကတော့ RELC (language), CHAT (Culture and History), RIHED (Higher Education Development), QITEP (Science) တို့ဖြစ်ပါတယ်။ ဒါ့အပြင် Bilateral Development Agencies က ထောက်ပံ့တဲ့ ပရောဂျက်တွေမှာလည်း ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ ဥပမာ- ဥရောပကော်မရှင်က ထောက်ပံ့တဲ့ ပရောဂျက်တွေ ဖြစ်တဲ့ Erasmus+ Capacity Building Projects, EUSHARE, CHINLONE, TIDE (UK aid, DFID), Toolkit, DAAD၊ ဒေသတွင်းအစီအစဉ်တွေဖြစ်တဲ့ ASEAN-Japan Program, ASEAN-India Universities Network, KFAS (Korean Foundation for Advanced Studies), Chinese Government Scholarship program တွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတကာညီလာခံတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လက်ခံကျင်းပခြင်း၊ ပါဝင်ခြင်းအနေနဲ့ ပြောရမယ်ဆိုရင် ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေဟာ နောက်ဆုံးနည်းပညာတွေ၊ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့၊ နိုင်ငံတကာမှသုတေသီတွေနဲ့ ပညာရေးဆိုင်ရာ အမြင်တွေ၊ စိတ်ကူးတွေ၊ အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့၊ သုတေသနနယ်ပယ်အသီးသီးမှ အသစ်တွေ့ရှိချက်တွေနဲ့ အတူ စိန်ခေါ်မှုတွေကို သိရှိနားလည်နိုင်စေဖို့အတွက် နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံတကာ သုတေသနညီလာခံတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို ရန်ကုန်တက္ကသိုလ်က လက်ခံကျင်းပခြင်း၊ နိုင်ငံတကာ မိတ်ဖက်တက္ကသိုလ်တွေက လက်ခံကျင်းပတဲ့ ညီလာခံတွေ မှာလည်း ရန်ကုန်တက္ကသိုလ်မှ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ စေလွှတ်ပြီး တက်ရောက်စေ ဖို့ တွန်းအားပေးဆောင်ရွက်လျက် ရှိပါတယ်။

သင်ရိုးညွှန်းတမ်းတွေ အဆင့်မြှင့်တင်ခြင်းအပိုင်းမှာ ရန်ကုန်တက္ကသိုလ်ရဲ့ Master Plan အရ၂၀၂၀ ရာပြည့်အမီ လက်ရှိသင်ရိုးညွှန်းတမ်းတွေကို ပရောဂျက်အခြေပြုလေ့လာ သင်ယူခြင်းနဲ့ လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်မယ့် သင်ရိုးညွှန်းတမ်းတွေအဖြစ် အဆင့်မြှင့်တင် ရမှာ ဖြစ်ပါတယ်။ ဘွဲ့ကြိုသင်တန်း ဝိဇ္ဇာဘာသာရပ်တွေ အတွက် Central European University (CEU) က ပံ့ပိုးကူညီမှုတွေ ရယူဆောင်ရွက်ခဲ့ပါတယ်။

ဘွဲ့ကြိုသင်တန်း သိပ္ပံဘာသာရပ်တွေအတွက် သင်ရိုးညွှန်းတမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းပြီး နိုင်ငံတကာတက္ကသိုလ်တွေက သင်ရိုးညွှန်းတမ်းကျွမ်းကျင်ပညာရှင်တွေ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း (1 Phase) သိပ္ပံဌာနတွေမှာ နိုင်ငံတကာပညာရှင် ၁၅ ဦးလာရောက်ပြီး သင်ရိုး ညွှန်းတမ်းပြန်လည်ဆန်းစစ်ခြင်း၊ အဆင့်မြှင့်တင်ဖို့ စီစဉ်လျာထားခြင်းတွေ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ နိုင်ငံတကာပညာရှင်တွေအတွက် ကုန်ကျစရိတ်တွေကို ဒိန်းမတ်နိုင်ငံအစိုးရက ထောက်ပံ့တဲ့ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုရန်ပုံငွေ (Capacity Development FundCDF) ကနေ ရယူသုံးစွဲပါတယ်။ ဒီအစီအစဉ်နဲ့ ဘွဲ့ကြို သင်တန်းဝိဇ္ဇာဘာသာရပ်တွေရဲ့ သင်ရိုးညွှန်းတမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

သင်ရိုးညွှန်းတမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ဟာ ၂၁ ရာစု ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ စိန်ခေါ်မှုတွေကို ဖြည့်ဆည်းပေးမယ့်အသိပညာနဲ့ ကျွမ်းကျင်မှုအသစ်တွေ ရရှိစေဖို့ ပြုစုပျိုးထောင်ပေးနေရတဲ့ တက္ကသိုလ်ရဲ့ လုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုပါတယ်။ ။

ဘွဲ့၊ဘာသာရပ် အစီအစဉ်အသစ်တွေ တိုးချဲ့ဖွင့်လှစ် ခြင်းအနေနဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်နဲ့ ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ဒီဂရီအစီအစဉ်အသစ်တွေ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။

ရေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာပညာဌာန (Water and Environmental Studies Department) ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံအတွက်လိုအပ်နေတဲ့ ရေပညာရပ်ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်တွေ ပြုစုပျိုးထောင် မွေးထုတ်ပေးပြီး မြန်မာနိုင်ငံရဲ့ ပေါများကြွယ်ဝတဲ့ ရေသယံဇာတကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့နဲ့ စိန်ခေါ်မှုတွေကို ဟန်ချက်ညီညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ အခုလာမယ့် ပညာသင်နှစ်ကနေစပြီး ရေပညာရပ်ဆိုင်ရာ ဘွဲ့ကြိုသင်တန်း (B.Sc. Water Studies) နဲ့ ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Postgraduate Diploma in Water Studies) တွေကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း အတွက် သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို ဟန်ဂေရီနိုင်ငံ Central European University (CEU) ရဲ့ အထောက်အပံ့နဲ့ ၂၀၁၉ ခုနှစ် မေလအတွင်း ရေးဆွဲခဲ့ ပြီးဖြစ်ပါတယ်။ ရေပညာရပ်ဆိုင်ရာ ဘွဲ့ကြိုသင်တန်းအတွက် NUFFIC (နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အတွက် နယ်သာလန်တက္ကသိုလ်များအဖွဲ့ အစည်း)ရဲ့ Orange Knowledge Program နယ်သာလန်နိုင်ငံ UV University Amsterdam က ရေပညာ ရှင်တွေနဲ့ ပူးပေါင်းပြီး Labour Market Needs Assessmentကို ဆောင်ရွက်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ ရလဒ်အပေါ်မူတည်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင် တွေ ဖိတ်ခေါ်ပြီး နိုင်ငံတကာအဆင့်မီရေးဆွဲခဲ့ပါတယ်။

နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်တွေထဲမှာ အမေရိကန်နိုင်ငံ Northern Illinois University, Colorado State University ၊ နယ်သာလန်နိုင်ငံ VU University Amsterdami၊ ဆွီဒင်နိုင်ငံ Lund University တို့မှ မြေအောက်ရေနဲ့ ရေအရည်အသွေးကျွမ်းကျင် ပညာရှင်၊ မြစ်ချောင်းနဲ့ ရေဝေရေလဲ စီမံခန့်ခွဲမှုပညာရှင်၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ရေသယံဇာတဘေးအန္တရာယ်လျှော့ချခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။

ငါးလုပ်ငန်းပညာဘာသာရပ် (Fisheries and Aquaculture) ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ငါးလုပ်ငန်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍနဲ့ နိုင်ငံခြားဝင်ငွေကို သတ္တမမြောက်အများဆုံး ရှာဖွေပေးနိုင်တဲ့ကဏ္ဍဖြစ်တဲ့အတွက် ဒီကဏ္ဍကို နည်းပညာအသုံးချမှုတွေနဲ့ ပိုမိုဖွံ့ဖြိုးစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ငါးလုပ်ငန်းပညာ ဘာသာရပ်က ဆရာ ဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေဟာ University-Industry partnership ဖွံ့ဖြိုးတိုးတက်စေဖို့ Industry ကလိုအပ်တဲ့ အတတ်ပညာ ကျွမ်းကျင်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးခြင်း၊ အသုံးချသုတေသနတွေပြုလုပ်ပြီး ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေဖို့အတွက် နည်းပညာမျှဝေခြင်း၊ အကြံပေး ခြင်းတွေ ပြုလုပ်ပေးလျက် ရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေက ငါးလုပ်ငန်းပညာဘာသာရပ် သင်ရိုးညွှန်းတမ်းတွေ နိုင်ငံတကာအဆင့်မီစေရေးနဲ့ အဆင့်မြင့်သုတေသနတွေ ဆောင်ရွက်နိုင်ရေးတို့မှာ စဉ်ဆက်မပြတ် ကူညီခဲ့ကြပါတယ်။ The German Agency for Internal Cooperation (GIZ)နဲ့ European Union , Myanmar Sustainable Aquaculture project (MSAP) က အမေရိကန် ဒေါ်လာ ငါးသိန်းခန့်တန်ဖိုးရှိတဲ့ ဓာတ်ခွဲခန်းတွေ၊ အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးမှုအေဂျင်စီ (USAID) က အမေရိကန်ဒေါ်လာ ၂ ဒသမ ၅သိန်း တန်ဖိုးရှိ ဓာတ်ခွဲခန်းပစ္စည်းတွေလှူဒါန်း ခဲ့ပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း Computer Lab တည်ဆောက်ပေးခဲ့ပါတယ်။ အခြား ပြည်တွင်း ငါးလုပ်ငန်းအဖွဲ့တွေကလည်း သုတေသနလုပ်ငန်း အတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေပြုလုပ်ပြီး Private-Public Partnership တွေ ထူထောင်လုပ်ကိုင်လျက် ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ASEAN Fisheries Education Network (ASEAN - FEN) အဖွဲ့ဝင် တက္ကသိုလ်ဖြစ် တဲ့အတွက် အာဆီယံတက္ကသိုလ်အတွင်းရှိ ငါးလုပ်ငန်း ပညာ ကျောင်းသား ကျောင်းသူ၊ ဆရာဆရာမတွေ အကြား ဖလှယ်ခြင်းအစီအစဉ်တွေနဲ့ သုတေသနပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်လျက် ရှိပါတယ်။

 

တိုင်းရင်းသားပညာ Nationalities Studies အနေနဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် ဦးတည်ချက် ငါးရပ်ထဲမှာ “ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး တိုင်းရင်းသားရေးရာကို လေ့လာမယ့် တိုင်းရင်းသားပညာကို တိုးမြှင့်သင်ကြားနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။

သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဗဟိုဌာန (CRI) တည်ထောင်ခြင်းမှာ ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (National Education Strategic Plan - NESP) (၂၀၁၆-၂၁) အခန်း (၁၂)၊ မဟာဗျူဟာ (၂)၊ အပိုင်း (၁) ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်တက္ကသိုလ်မှာ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဗဟိုဌာန (Centre for Research and Innovation-CRI) တည်ထောင်ဖို့ စီစဉ်လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် CIR တည်ထောင်ရခြင်းရဲ့ ရည်ရွယ် ချက်တွေကတော့ - (၁) ၂၁ ရာစု စက်မှုလုပ်ငန်းတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တက္ကသိုလ်ရဲ့ ဘွဲ့အစီအစဉ်တွေမှာ စဉ်ဆက်မပြတ်အသုံးချ သင်ယူခြင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင် ယဉ်ကျေးမှု ခေတ်စားလာစေရန်၊ (၂) သင်ရိုးညွှန်းတမ်းတွေ တိုးတက်ကောင်းမွန်ပြီး စက်မှုလုပ်ငန်းအခြေပြုသင်ယူမှု အခွင့်အလမ်းတွေ ရရှိစေနိုင်ဖို့အတွက် တက္ကသိုလ်နဲ့ စက်မှုလုပ်ငန်းတွေအကြား ပုံမှန်ချိတ်ဆက်မှု အားကောင်းလာစေရန်၊ (၃) လူမှုရေးနဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတားအဆီးတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်မယ့် ဆန်းသစ်တီထွင်နိုင်မှုနဲ့ အထောက်အထားအခြေ ပြုရလဒ်ကောင်းတွေရရှိဖို့ အစိုးရအဖွဲ့ အစည်းတွေ၊ ပြည်တွင်း ပြည်ပစက်မှုလုပ်ငန်းတွေအကြား မိတ်ဖက် ဆောင်ရွက်ခြင်း ဖွံ့ဖြိုးလာစေဖို့တို့ဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံအစိုးရက ထောက်ပံ့တဲ့ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုရန်ပုံငွေ (Capacity Development Fund-CDF) "Feasibility Study for CRI Establishment” လုပ်ငန်းဆောင်ရွက်ဖို့ ပညာရေးဝန်ကြီး ဌာနကို ခွင့်ပြုချက်တောင်းခံပြီး စိတ်ဝင်စားတဲ့ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းတွေကို အဆိုပြုလွှာတွေ တင်သွင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ စကားဝါဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်က “Design of School-Industry Partnership SIP TOR and Feasibility study to establish Centre for Research and Innovation” လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ စတင်ဆောင်ရွက်ခွင့်ရရှိပြီး၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ပြီးစီးမှာ ဖြစ်ပါတယ်။

Feasibility study good wodoo နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ပညာရေးဝန်ကြီးဌာနကို တင်ပြရမှာ ဖြစ်ပါ တယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိရင် လာမယ့် ၂၀၂၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်၊ Centre for Research and Innovation (CRI) ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်မှန်းပါတယ်။ CRI ကို အင်းယားလမ်းမှာရှိတဲ့ လက်ရှိတည်ဆောက်ပြီး လိုအပ် ချက်တွေနဲ့ လိုက်ဖက်မှုရှိတဲ့ ခြောက်ထပ်အဆောက်အအုံမှာ ထားရှိဖို့လျာထား ပြီးဖြစ်ပါတယ်။ ဘာသာရပ်၊ ဌာနအသစ် နှစ်ခုဖြစ်တဲ့ ငါးလုပ်ငန်းပညာဘာသာရပ်နဲ့ ရေနဲ့ ပတ် ဝန်းကျင်ဆိုင်ရာပညာဌာနကို CRI Building မှာ ထားရှိပါ တယ်။ CRI အတွက် အစည်းအဝေးခန်းတွေ၊ ရုံးခန်းတွေ၊ သင်ကြားရေးဌာနတွေမှ Common/Research Focus/ Project Laboratories တွေကိုလည်းနေရာချထားပြီး ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပိုမိုထိ ရောက်စွာဆောင်ရွက်နိုင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ International Cooperation Office (ICO) ကို ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပြီး လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) က ဦးဆောင်ပြီး သင်ကြားရေးဌာနတွေကဆရာဆရာမ ရှစ်ဦးက အချိန်ပိုင်း တာဝန်ယူ ဆောင်ရွက်နေပါတယ်။ အင်္ဂလန်နိုင်ငံ University of Warwick မှ James Kennedy က ICO မှာ အချိန်ပိုင်း Internationalization advisor အဖြစ် တာဝန်ယူပြီး Ico အဖွဲ့ဝင်တွေကို တက္ကသိုလ်ဝက်ဘ်ဆိုက် ဖန်တီးခြင်း၊ မွမ်းမံ ပြင်ဆင်ခြင်း၊ အီးမေးလ်တွေ စနစ်တကျလက်ခံ၊ သိမ်းဆည်းခြင်း၊ MoU တွေကို စစ်ဆေးခြင်းစတဲ့ အခြေခံကျွမ်းကျင်မှု သင်တန်းတွေ ပေးခဲ့ပါတယ်။ အခုအချိန်မှာ James Kennedy ရဲ့ ကူညီမှုနဲ့ သုတေသီတွေရဲ့ သုတသေနတွေ၊ စာတမ်းတွေ သတင်းအချက်အလက် စုံလင်ပြီး လွယ်ကူစွာ အသုံးပြုနိုင်တဲ့ ရန်ကုန်တက္ကသိုလ်ဝက်ဘ်ဆိုက်တည်ဆောက် ထားပြီးဖြစ်ပါတယ်။ ICO ဟာ သုတေသီတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို Internationalization ကိစ္စရပ် တွေမှာ ကူညီပံ့ပိုးပေးမှုအပြင် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာမျက်နှာစာမှာ ပိုမိုသိမြင်လာစေဖို့ ကြိုးစားဆောင် ရွက်တဲ့ လုပ်ငန်းစဉ်မှာလည်း အရေးပါတဲ့ အခန်းကနေ ပါဝင်ပါတယ်။

တက္ကသိုလ်တစ်ခုရဲ့ အောင်မြင်မှုဟာ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းမှာ အားထည့်ဆောင်ရွက်နိုင်စွမ်းအပေါ် မူတည်နေပါတယ်။ သာမန်ကာလျှံကာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အောင်မြင်မှုကိုရဖို့ ခက်ခဲပါတယ်။ ဒါကြောင့် ရန်ကုန် တက္ကသိုလ်ဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းကို အထူးအလေးပေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအသိ အမှတ်ပြုတဲ့ ဂုဏ်ဆောင်တက္ကသိုလ် (Myanmar's Flagship University) တစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါ တယ်။

မေး။ ။ အခြားဖြည့်စွက်ပြောကြားလိုတာများ ရှိရင်ပြောပေးပါဦး ဆရာကြီးရှင့်။ ။

ဖြေ။ ။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ပြီး ဒုတိယရာစုနှစ်များအတွင်းသို့ ချင်းနှင်း ဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ပထမရာစုနှစ်များအတွင်း တက္ကသိုလ်ရဲ့ အောင်မြင်မှုတွေ၊ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်း တွေ၊လုပ်ငန်းစဉ်တွေနဲ့ ဒုတိယရာစုနှစ်တက္ကသိုလ်ရဲ့ မျှော်မှန်းချက်တွေကို တက္ကသိုလ်ကိုယ်စား ပါမောက္ခချုပ် အနေနဲ့ တက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့အခါသမယမှာ စုစည်းမှတ်တမ်းတင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

ပထမရာစုအတွင်း ရန်ကုန်တက္ကသိုလ်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည် သုံးသပ်ကြည့်မိပါတယ်။ အမိတက္ကသိုလ်ဟာ ကျွန်တော်တို့ကို အကောင်းဆုံးပုံဖော်ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ လေးနက်တဲ့ လွှမ်းမိုးမှုတွေရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့ရ တွေကနေ ကမ္ဘာကိုယူဆောင်ပြသနေတဲ့ ဗဟုသုတကြွယ်ဝမှု၊ အတွေ့အကြုံ အလေ့အကျင့်ကောင်းရှိမှုနဲ့ ကိုယ်ကျင့် သိက္ခာပြည့်ဝမှုတွေဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အောင်မြင်မှု ကို သက်သေခံလျက်ရှိပါတယ်။

သူတို့ရဲ့ ရည်မှန်းချက်ကြီးမားမှုနဲ့ ထူးချွန်ထက်မြက်မှုကို မိခင်တက္ကသိုလ်က အမြဲဂုဏ်ယူလျက်ရှိပါတယ်။ တက္ကသိုလ်ဟာ သူတို့ပညာသင်နေစဉ်ကာလမှာ သူတို့ဘဝ တိုးတက်အောင်မြင်မှုအတွက် အကောင်းဆုံးပုံသွင်းမှုတွေ၊ စိတ်ဓာတ်တက်ကြွမှုတွေ၊ စိတ်ခွန်အားရှိမှုတွေအတွက် အာမခံပေးပြီး သူ့တို့ရွေးချယ်လျှောက်လှမ်းမယ့် အနာဂတ် ခရီးမှာ ကျရောက်လာမယ့် တာဝန်နဲ့စိန်ခေါ်မှုတွေအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။ လူသားစွမ်းဆောင်ရည်နဲ့ အတတ်ပညာဆိုင်ရာ အောင်မြင်မှုတွေကို ရန်ကုန်တက္ကသိုလ်ကနေ မြန်မာ့၊ ကမ္ဘာ့ခေါင်းဆောင်မျိုးဆက်တွေ မွေးထုတ်ပေးနိုင်မှုစံနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။ တက္ကသိုလ်ရဲ့ ထိုကောင်းမြတ်တဲ့ အမွေအနှစ်၊ အစဉ်အလာတွေကို ဂုဏ်ယူစွာဆက်ခံရင်း ရေရှည်တည်တံ့စေဖို့ ထိန်းသိမ်းကာ ၂၁ ရာစု ခရီးကို ဆက်လက်ချီတက်ရမှာ ဖြစ်ပါတယ်။

သင်ကြားသင်ယူခြင်း၊ သုတေသနနဲ့ ပညာရေး ဝန်ဆောင်မှုပေးခြင်းဆိုတဲ့ တက္ကသိုလ်ရဲ့ အဓိက တာဝန် (၃) ရပ်ကို ပြည့်ဝစွာဆောင်ရွက်နိုင်တဲ့ မြန်မာနိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ဖြစ်လာစေဖို့ ရည်ရွယ်ပြီး မကြာမီ ကာလမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရတက္ကသိုလ်အဖြစ် အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ ရန်ကုန်တက္ကသိုလ် ဘက်စုံပြုပြင်မွမ်းမံ အဆင့်မြှင့်တင်ရေးမဟာစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀ တက္ကသိုလ်ရာပြည့်အချိန်မှာ ဒီအသွင်ပြောင်း လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ပြီးစီးပြီးနောင်လာမယ့် ရာစုနှစ်အသစ်မှာ အပြောင်းအလဲတွေ အမြစ်တွယ်ပြီး ဘက်စုံအရည်အသွေးတိုးတက်မှုတွေ၊ ရေရှည်တည်တံ့မှုတွေ ဆက်လက်ဖြစ်ထွန်းစေဖို့ ဆောင်ရွက်ရပါမယ်။ ဒီတာဝန်ကိုဆောင်ရွက်ဖို့ ရန်ကုန်တက္ကသိုလ်က ဆရာဆရာမတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ထူးချွန် ပြောင်မြောက်မှုနဲ့ လုပ်ပိုင်ခွင့်အပြည့်အဝအသုံးချနိုင် မှုတို့အပေါ် အခြေပြုရမှာ ဖြစ်ပါတယ်။ စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ရရှိလာမယ့် အောင်မြင်မှုအတွက် ဂုဏ်ယူပီတိဖြစ်မှုကို မျှဝေခံစားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။

ဒုတိယရာစုနှစ်တက္ကသိုလ်ရဲ့ မျှော်မှန်းချက်မှာ လိုက်လျောညီထွေအဖြစ်ဆုံး၊ ဆန်းသစ်တီထွင် သုတေသနတွေမှတစ်ဆင့် နိုင်ငံ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုရန်၊ အနာဂတ်လူငယ်တွေကို ပညာရေးစွမ်းဆောင်ရည်နဲ့ စစ်မှန်တဲ့ အတွေးအခေါ်တွေ ရှိလာစေဖို့ ပြုစုပျိုးထောင်ပေးဖို့ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပတက္ကသိုလ်တွေ၊ စီးပွားရေးနဲ့ လူမှုအဖွဲ့ အစည်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှု အားကောင်းလာအောင် လမ်းသစ်တွေခင်းပေးရပါမယ်။ ဦးစားပေးအစီအစဉ်အနေနဲ့ ပေါ်လစီတွေ ချမှတ်ခြင်း၊ ဒီမိုကရေစီ အုပ်ချုပ်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ သယံဇာတအရင်း အမြစ်တွေ ထိရောက်စွာ အသုံးပြုခြင်းစတဲ့ နယ်ပယ်တွေမှာ ခေတ်မီအဆင့်မြင့်သုတေသနနဲ့ သင်တန်းတွေ ပေးနိုင်ဖို့နဲ့ ရေရှည်တည်တံ့ပြီး ဆန်းသစ်ခေတ်မီတဲ့ ဖြေရှင်းနည်းတွေနဲ့ အဖြေတွေကို ထုတ်ပေးနိုင်ဖို့ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေပေါ်ထွက်ခဲ့တဲ့ သမိုင်း ဝင် နေရာတစ်ခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်နယ်မြေဟာ ယဉ်ကျေးမှုဓလေ့ နောက်ခံမတူတဲ့ လူငယ်လူရွယ်တွေအတွက် သက်ဆိုင်ရာ သူတို့အဖွဲ့အစည်းတွေရဲ့ ချန်ပီယံတွေ ဖြစ်လာစေဖို့ ပြုစုပျိုးထောင်ပေးနေတဲ့ လှုပ်ရှား သက်ဝင်နေရာ တစ်ခုအဖြစ် တစ်ဖန်ပြန်လည်ဖြစ်တည် လာပါလိမ့်မယ်။

ဒီရာပြည့်သဘင်ဆင်နွှဲချိန်အခါမှာ အမိတက္ကသိုလ်ရဲ့ ပထမရာစုအောင်မြင်မှုတွေကို မှတ်တမ်းတင် ဂုဏ်ပြုလျက် ပိုမိုမြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့ ဒုတိယရာစုကို ကြိုဆိုလိုက်ရပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ။

တွေ့ဆုံမေးမြန်း - မွန်းဦးနဒီ