တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်

နေပြည်တော်  ၃၀  အောက်တိုဘာ

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ရက်စွဲဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

အဆိုပါထုတ်ပြန်ချက်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် Coronavirus Disease 2019 (COVID - 19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

 

ယခုအခါ နိုင်ငံတော်တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုများ နေ့စဉ်တိုးပွားလျက်ရှိပါ ကြောင်း၊  ထို့ပြင် နိုဝင်ဘာ ၈ ရက်တွင်လည်း နိုင်ငံတော်အတွက် အရေးကြီးသည့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း၊  မြန်မာ့တပ်မတော်အနေဖြင့်လည်း COVID–19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်းကောင်း၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးတွင် လည်းကောင်း နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားအတွက် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိပါကြောင်း။


         
ထို့ကြောင့် COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး၊ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာပြုလုပ်နိုင်ရေးနှင့် ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်မှ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာများမှအပ ကျန်နယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တပ်မတော်အနေဖြင့် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ထပ်မံတိုးမြှင့်ရပ်ဆိုင်းပေးသွားမည်ဟု သတင်းထုတ်ပြန်ကြေညာအပ်ပါကြောင်း ဖော်ပြထားသည်။

 

သတင်းစဉ်