ဝန်းသိုမြို့နယ်တွင် အမျိုးသမီးငယ် ရည်မှန်းဦးရေ ၇၆၅ဦးကို သားအိမ်ခေါင်းကင်ဆာကင်းဝေးစေရေး အိတ်ချ်ပီဗီကာကွယ်ဆေး ထိုးနှံပေးမည်

ဝန်းသို ၁၈ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ်ရည်မှန်းဦးရေ ၇၆၅ ဦးအား သားအိမ်ခေါင်းကင်ဆာ ကင်းဝေးစေရေးအတွက် အိတ်ချ်ပီဗီကာကွယ်ဆေး (HPV) ကို ယခုလ ၂၀ ရက်မှစတင်၍ ပထမအကြိမ် ထိုးနှံပေးသွားဖြစ်ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလမှစ၍ ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ် တွင် အသက် (၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်များ၊ တစ်နည်းအားဖြင့် ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၃၁ ရက် အတွင်း မွေးဖွားသော အမျိုးသမီးငယ်များကို ပထမအကြိမ် ထည့်သွင်း ထိုးနှံသွားမည်ဖြစ်ပြီး ကာကွယ်မှု အပြည့်အဝရရှိရန်အတွက် ပထမအကြိမ်ထိုးနှံအပြီး (၁၂)လခြားကာ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်သည်။

 

ထိုသို့ အိတ်ချ်ပီဗီကာကွယ်ဆေး (Human Papillomavirus)ကို ပုံမှန် ကာကွယ်ဆေးထိုး/တိုက်အစီ အစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်း မြို့နယ်အဆင့် အသိပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာခွဲအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ  မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာတင့်လွင်က ပုံမှန်ကာကွယ်ဆေးထိုး/တိုက်အစီအစဉ်တွင် အိတ်ချ်ပီဗီကာကွယ်ဆေး စတင်ထည့် သွင်းခြင်းအကြောင်းအား ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ကျော်မြိုင် (ပြန်/ဆက်)