Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကိုရီးယားသမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Rapid Antigen Diagnostic Test Kit များ လွှဲပြောင်းပေးအပ်

mdn

နေပြည်တော် ၁၇ အောက်တိုဘာ

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ကိုရီးယားသမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Rapid Antigen Diagnostic Test Kit များ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန(ရန်ကုန်) ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီဆောင်ဟွာက လှူဒါန်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးပစ္စည်း၊ ဓာတ်ခွဲပစ္စည်းကိရိယာများကို ပံ့ပိုးပေးအပ်လျက်ရှိပါကြောင်း၊ ယခုနှစ် မေလတွင် ကိုရီးယားသမ္မတနိုင်ငံမှ ကိုဗစ်-၁၉ ဓာတ်ခွဲပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက (၇၃) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံတွင် ကိုရီးယားသမ္မတနိုင်ငံသမ္မတ Mr. Moon Jae-in ပြောကြားခဲ့သည့် အချက်များအပေါ် ထောက်ခံကြောင်း ပြောကြားခဲ့ပါကြောင်း။

 

ကိုဗစ်-၁၉ ကို ရင်ဆိုင်တိုက်ဖျက်ရာတွင် နိုင်ငံများအချင်းချင်း သတင်းအချက်အလက်နှင့် အတွေ့အကြုံများ ဝေမျှခြင်းသည် အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ သည် မျှော်မှန်းထားသည်ထက် ကြီးမားသော ပြဿနာရပ်ကြီးဖြစ်ပြီး မိမိတို့အနေဖြင့် ရောဂါကူးစက်မှု ပထမလှိုင်းတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ် ကင်းရှင်းစွာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည့် အတွေ့အကြုံများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ မျှဝေပေးခဲ့ပါကြောင်း။

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရောဂါစစ်ဆေးနိုင်မှု အတိုင်းအတာသည် အရေးကြီးသဖြင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် Standard Q COVID-19 Rapid Antigen Diagnostic Test Device များကို ထပ်မံပံ့ပိုးပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကို ရင်ဆိုင်ရာတွင် အကြပ်အတည်းများ တွေ့ကြုံရသကဲ့သို့ ကျန်းမာရေးကဏ္ဍဆိုင်ရာ တိုးတက်မှုများအတွက်လည်း အခွင့်အလမ်းများ ဖြစ်လာနိုင်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍လည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုရီးယားသမ္မတနိုင်ငံအစိုးရ၊ ကိုရီးယား သမ္မတနိုင်ငံအခြေစိုက် ကုမ္ပဏီများနှင့် လူမှုရေးအဖွဲ့အစည်း စုစုပေါင်း (၂၂) ခုက မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ ( ဒသမ ) သန်းကျော်တန်ဖိုးရှိ ဆေးပစ္စည်းကိရိယာများနှင့် ဓာတ်ခွဲပစ္စည်း ကိရိယာများကို လှူဒါန်းခဲ့ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် RT PCR စက်များဖြင့် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးရန် ဓာတ်ခွဲပစ္စည်းများနှင့် Standard Q COVID-19 Rapid Antigen Diagnostic Test Device များ ပံ့ပိုးပေးအပ်ခဲ့သဖြင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါစစ် ဆေးမှုများကို ပိုမိုပြုလုပ်လာနိုင်ခဲ့ပါကြောင်း။

 

ကိုရီးယားသမ္မတနိုင်ငံ၏ ရင်းနှီးချစ်ကြည်စွာ ပံ့ပိုးမှု၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးအဖွဲ့ဝင်များ၏ စေတနာပြည့်ဝစွာ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးမှုများကြောင့် မိမိတို့အနေဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ ပြတ်တောက်ခြင်းမရှိဘဲ ဆောင်ရွက်နိုင်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံမှ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်နှင့် အတွေ့အကြုံများကို ကိုရီးယားသမ္မတနိုင်ငံနှင့် အပြန်အလှန်ဝေမျှသွားမည်ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ယခုကဲ့သို့သော ပံ့ပိုးမှုများသည် ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြင့်မားစေကာ ရေရှည်တွင် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကိုရီးယားသမ္မတ နိုင်ငံသံအမတ်ကြီးက Korea International Cooperation Agency (KOICA) မှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ () သိန်း တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် Standard Q COVID-19 Rapid Antigen Diagnostic Test Device (၉၅,၀၀၀) ခုကို လွှဲပြောင်းပေးအပ်ရာ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။

 

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ KOICA Myanmar မှ Chief Representative Ms. Lee Youn-Soo နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn