ကိုဗစ်-၁၉ ကာလ စားဝတ်နေရေး ကုစားပေးနိုင်ရန် ကျိုက်မရောမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေး

mdn

ကျိုက်မရော ၁၇ အောက်တိုဘာ

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက် နာရီက ကြခတ်ကုန်းကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုထံမှ သိရသည်။  

 

ကြခတ်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်မှ လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တတိယနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၅၆ ဦးအတွက် ငွေကျပ် ၂၀၈ သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ ၄၈ ဦးအတွက် ငွေကျပ်သိန်း ၁၅၀၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်မည့် သူ ၁၆ ဦးအတွက် ငွေကျပ် ၄၇ သိန်းကို ငွေကျပ်တစ်ရာလျှင် အတိုးနှုန်း ပြား ၅၀ ဖြင့် အိမ်တိုင်ရာရောက် ထုတ်ချေးပေးခဲ့ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

ကျိုက်မရောမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးရွာ ၂၃ ရွာ၌  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလအတွင်း ကြခတ်ကုန်းကျေးရွာအပြင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာပေါင်း ၂၂ ရွာကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ နှာခေါင်းစီးများ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်စေကာ ထုတ်ချေးပေးခဲ့ကြောင်း ကျိုက်မရောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ဂျိုင်းလော(သတင်းစဉ်)