ကျိုင်းတုံမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၆၇၉၉ စုအား ထောက်ပံ့ငွေပေးအပ်

ကျိုင်းတုံ၊  ၂၃ ဇန်နဝါရီ

 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (နောက်တိုး) ၆၇၉၉ စုအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ဇန်နဝါရီ ၂၂ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

 

ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံအိမ်ထောင်စု ဝင်များအား အခြေခံစားသောက်ကုန် (၅) မျိုး တစ်ကြိမ်၊ ငွေကျပ် ၁၅၀၀၀ တစ်ကြိမ်၊ ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လေးကြိမ် ထောက်ပံ့ပေးခဲ့ရာ မရရှိခဲ့သည့် ကျိုင်းတုံမြို့နယ်မှ နောက်တိုးအိမ်ထောင်စုဝင် ၆၇၉၉ စုများအတွက် (ပထမအကြိမ်) ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

 

ထို့နောက် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စု ၆၇၉၉ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်ဖြင့် စုစုပေါင်း ငွေကျပ် ၁၃၅၉၈၀၀၀၀ အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများအရောက် သွားရောက်ထောက်ပံ့မည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

အောင်ဇင်မြင့်(ပြန်/ဆက်)